FNI က သတ္တမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲတွင် ပူးပေါင်းပါဝင်ပြသခဲ့

ပထမအမျိုးသားအာမခံ (FNI) က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမန လမ်းထောင့်ရှိ Myanmar Expo Fortune Plaza (Exhibition Hall) ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၆ ရက်မှ ၁၈ ရက်အထိ (၃) ရက်တာကျင်းပမည့် သတ္တမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ထုတ်ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲတွင် အာမခံပြခန်းအနေဖြင့် ပူးပေါင်းပါဝင်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲတွင် ဝန်ကြီးဌာနအသီးသီးမှ ပြခန်းများ၊ အာမခံနှင့် ဘဏ်ပြခန်းများ၊ မွေးမြူရေးနှင့် ထုတ်လုပ်ရေးဗဟုသုတပြခန်းများနှင့် အရောင်းပြခန်းများ၊ စီးပွါးရေးလုပ်ငန်းဆိုင်ရာ ပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာပြခန်းများ၊ အဝတ်အထည်၊ လူသုံးကုန်နှင့် စားသောက်ကုန်ပြခန်းများနှင့် ဈေးရောင်းပွဲတော်များ ခင်းကျင်းပါဝင်ခဲ့ကြခြင်းဖြစ်ပြီး ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားမြိုင်ဆိုင်စွာ (၃) ရက်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ MSMEs Products ဒေသတွင်းပြပွဲနှင့် ပြိုင်ပွဲတွင် FNI အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ၏ ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးတွင် အာမခံစနစ်ဖြင့် အကာအကွယ်ပြုစေရန်၊ မြန်မာ့အာမခံနယ်ပယ် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်၊ ဒေသတွင်းထုတ်ကုန်ပစ္စည်းလုပ်ငန်းရှင်များအကြား အာမခံအကြောင်း ပိုမိုနားလည်သဘောပေါက်ကာ အသုံးချလာတတ်စေရန် ရည်ရွယ်၍ အာမခံပြခန်းပါဝင်ခဲ့ခြင်းဖြစ်ပြီး FNI မှ လက်ရှိဝန်ဆောင်မှုပေးလျက်ရှိသော အာမခံအမျိုးအစား (၁၈) မျိုးကို ခင်းကျင်းပြသခဲ့ပါသည်။

 

သောကကင်းဝေးစိတ်အေးစေနိုင် FNI